လိင်မှတစ်ဆင့် ကူးစက်ရောဂါများပေါင်းချုပ်
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို Sexually Transmitted Diseases (STDs) လို့ခေါ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် ကပ်ပါးပိုးမွှားများ သွေးကြောကနေတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်လာတဲ့ ရောဂါတွေပါ။ ရောဂါမဖြစ်ခင် ပိုးဝင်တဲ့အခြေအနေတွေကိုတော့ Sexually Transmitted Infections (STIs) လို့ သတ်မှတ်ပါတယ်။
များသောအားဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်တဲ့ ပိုးများ ဝင်လာပြီဆိုရင် တွေ့ရတတ်တဲ့ ယေဘုယျလက္ခဏာတွေကတော့
- ဆီးသွားစဉ်၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ သက်သောင့်သက်သာ မဖြစ်ခြင်း
- မိန်းမကိုယ်၊ လိင်အင်္ဂါ၊ ဝှေးစေ့၊ စအိုဝ၊ တင်ပါး၊ ပေါင်ခြံနဲ့ ပါးစပ်မှာ အနာများ၊ အဖုများ၊ အင်ပျဉ်များ ထခြင်း
- လိင်အင်္ဂါထိပ်၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်ခြင်း၊ သွေးယိုစီးခြင်း
- ဝှေးစေ့ရောင်ပြီး အောင့်နေခြင်း
- မိန်းမကိုယ်တစ်ဝိုက်နဲ့ အတွင်းထဲမှာ ယားယံနေခြင်း
- လိင်မှုကိစ္စအပြီးနောက်မှာ မမျှော်လင့်ဘဲ ရာသီလာခြင်း၊ သွေးဆင်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ပိုးဝင်ပြီးနောက်မှာ ရောဂါအစပျိုးတဲ့အချိန် ဖြစ်လာတဲ့ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- အချို့နေရာတွေမှာ နာကျင်မှုဝေဒနာကို ခံစားရခြင်း
- မောဟိုက်ပြီး အားမရှိသလို နုန်းနေခြင်း
- မှတ်ဉာဏ်များ ပျောက်ဆုံးခြင်း
- အမြင်အာရုံ၊ အကြားအာရုံထိခိုက်ခြင်း
- မူးဝေအော့အန်ခြင်း
- ကိုယ်အလေးချိန် ကျလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
၁။ ခလက်မီးဒီးယားရောဂါ (Chlamydia)
တော်ရုံလက္ခဏာမပြတတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများထဲက တစ်ခုဖြစ်ပြီး ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပိုးရှိတဲ့ သုက်ရည် သို့မဟုတ် မိန်းမကိုယ်မှထွက်သောအရည်ဟာ သွေးကြောအတွင်း ဝင်ရောက်သွားတဲ့အခါ ကူးစက်ခံရနိုင်ပါတယ်။ နမ်းရှုံးရုံ၊ ပွေ့ဖက်ရုံ၊ အဝတ်အစားဝေမျှဝတ်ဆင်ရုံနဲ့တော့ မကူးစက်ပါဘူး။ ရောဂါလက္ခဏာအနေနဲ့ ဆီးသွားစဉ်နာကျင်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်ခြင်း၊ အမျိုးသမီးများတွင် ဝမ်းဗိုက်အောင့်ခြင်း၊ သွေးဆင်းခြင်းလက္ခဏာနဲ့ အမျိုးသားများတွင် ဝှေးစေ့အောင့်တဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးဖြင့် အလွယ်တကူ ပျောက်နိုင်ပါတယ်။
HSV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး လိင်အင်္ဂါမှာသာမက နှုတ်ခမ်း၊ ပါးစပ်တစ်ဝိုက်မှာလည်း အရည်ကြည်ဖုလေးများ စုပြုံပေါက်နေတတ်ပြီး ပေါက်သွားတဲ့အခါ အလွန်အမင်းနာကျင်ယားယံတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရေယုန်ဟာ အနာပေါက်နေစဉ်မှာ တခြားသူကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကို အပြီးသေစေတဲ့ ဆေးမရှိတဲ့အတွက် ပိုးဟာ ခန္ဓာကိုယ်တွင်းမှာပဲ နေပြီး ကိုယ်ခံအားကျချိန်၊ စိတ်ဖိစီးမှုများချိန်မှာ နဂိုပေါက်ခဲ့တဲ့နေရာမှာပဲ ရေယုန်နာထပ်ဖြစ်စေပါတယ်။ ရေယုန်နာကို လိမ်းဆေးလိမ်းပေးခြင်းဖြင့် အလွယ်တကူ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၃။ လိင်အင်္ဂါကြွက်နို့ (HPV – Human Papillomavirus)
ရေယုန်လိုပဲ လိင်အင်္ဂါမှာတင်မက ပါးစပ်၊ လည်ချောင်းတွေမှာလည်း ကြွက်နို့ပေါက်နိုင်ပါတယ်။ အရေပြားချင်း ထိတွေ့ရုံဖြင့် ကြွက်နို့ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။ လက္ခဏာအနေနဲ့ လုံးဝမပြတတ်ဘဲ ခန္ဓာကိုယ်ထဲ ပိုးရှိနေနိုင်သလို ပြပြီဆိုရင်လည်း မိန်းမကိုယ်၊ လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက်မှာ နာကျင်မှုမရှိတဲ့ အဖုလေးများအဖြစ် တွေ့ရနိုင်ပါတယ်။ ရေယုန်နဲ့ ကွာသွားတဲ့အချက်ကတော့ HPV ဗိုင်းရပ်စ်ပိုးဟာ နောက်ဆက်တွဲအနေနဲ့ မိန်းမကိုယ်ကင်ဆာ၊ စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ မမျိုးဥအိမ်ကင်ဆာအပြင် အဖြစ်အများဆုံး သားအိမ်ခေါင်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။
စစချင်းမှာ HIV ပိုး ကူးစက်ခံရတဲ့အခြေအနေမှာစတင်ပြီး ဒါဟာ ရောဂါမဟုတ်ပါဘူး။ ပိုးဝင်တဲ့အခြေအနေဖြစ်တာကြောင့် ART လို့ခေါ်တဲ့ ပိုးထိန်းဆေးကို ပုံမှန်သောက်ပေးခြင်းဖြင့် ပိုးကောင်ရေထပ်မများလာအောင် ထိန်းထားလို့ရပါတယ်။ အကယ်လို့ HIV ပိုးကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အခါ နောက်ဆက်တွဲရောဂါများဝင်လာပြီး ကိုယ်ခံအားစနစ်လုံးဝပျက်စီးသွားမှသာ AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါအဆင့်ကို ရောက်မှာဖြစ်ပါတယ်။
၅။ ကာလသားရောဂါ သို့မဟုတ် ဆစ်ဖလစ်ရောဂါ (Syphilis)
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ဘက်တီးရီးယားပိုးကူးစက်ခံရတဲ့ ရောဂါဖြစ်ပြီး ရောဂါဖြစ်စမှာ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသလိုက်မယ်ဆိုရင် အမြစ်ပြတ်ပျောက်ကင်းဖို့ အလွန်မြန်ပါတယ်။ ကာလသားရောဂါပိုးရှိသူတွေမှာ HIV ပိုးကူးစက်ခံရဖို့ပါ အခွင့်အလမ်းပိုများတဲ့အတွက် ၃ လပြည့်လို့ သွေးစစ်တဲ့အခါတိုင်း HIV နဲ့ ကာလသားပိုးကို တွဲစစ်ရတာဖြစ်ပါတယ်။
ဆီးလမ်းကြောင်း၊ စအိုလမ်းကြောင်း သို့မဟုတ် လည်ပင်းမှာအဖြစ်များပြီး အကာအကွယ်မဲ့ ထိုးသွင်းဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်တာ၊ ဝှေးစေ့တစ်ခြမ်းမှာ နာကျင်ပြီးရောင်ရမ်းတာ၊ မိန်းမကိုယ်ကနေ အရည်စိမ့်ထွက်မှု များတာ၊ ဝမ်းဗိုက်အောင့်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်တဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ သင့်တော်တဲ့ကုသမှုနဲ့ စောစီးစွာ ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။
တခြားရောဂါနဲ့ ကျန်းမာရေးပြဿနာအနေနဲ့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဆီးခုံမွေးသန်းတွယ်ခြင်း၊ မိန်းမကိုယ်တွင်းမှိုစွဲရောဂါများ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို စနစ်တကျအသုံးပြုပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့ပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်